Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

မေ့နိုင်စွမ်းစေ ...

မေ့နိုင်စွမ်းစေ


မနက်တွေ နေ့တွေ ညတွေ ရက်တွေ နှစ်တွေ လတွေ
အိပ်ရာထပြီး အိပ်ရာဝင်တယ် ..
မိုးလင်းတာနဲ့ အသစ်တွေ ဖြစ်ချင်မိတယ် .. ။
မိုးချုပ်ပြီဆို အဟောင်းတွေ သွန်ပစ်ရင်းပေါ့ .. ။

တံခါးတွေ ဖွင့်စကလို တံခါးတွေ ပြန်ပိတ်တော့လည်း
မသိမသာ ဖြစ်စေချင်သည် .. ။
တံခါးဘောင်တွေ ပွန်းပဲ့တာ 
မိုးတွင်းမို့ တံခါးတွေ ကြပ်တာ
လေတိုးလို့ တံခါးမှန်ကွဲတာ
အရာအားလုံးကို မသိချင် .. ။

နှင်းတွေပဲရွှဲလို့ မိုးတွေပဲစိုစို
နေတွေပဲပူပူ နေ့ရက်တိုင်း အသစ်ဖြစ်လို့
အတိတ်ကိုလည်း မသိ
အနာဂတ်ကို မတွေး ..
လက်ရှိကိုလည်း မေ့နိုင်စွမ်းပါရစေ .. ။

ခင်မင်စွာဖြင့်
ကျူရိုး 
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နူးညံ့သော ချစ်ခြင်းနှင့် အပြစ်ရှိသော ကိုယ် ...

နူးညံ့သော ချစ်ခြင်းနှင့် အပြစ်ရှိသော ကိုယ် ...


“အချစ်” တစ်ခုရဲ့ ရှေ့မှာ ကျမက ဟိုးလွန်ခဲ့တဲ့ ၈-နှစ်တုန်းကလို နုပျိုမှုတွေနဲ့ လန်းဆတ်မနေတော့ပါ .. ။

အရင်က ရိုးသားမှုနဲ့ ကြည့်ခဲ့တဲ့ ကျမ မျက်ဝန်းတွေမှာလည်း သံသယဆိုတဲ့ အရိပ်ဆိုးတွေ စွန်းထင်ကျန်ရစ် နေခဲ့လေပြီ .. ။

အရင်က နူးညံ့စွာ ပြုံးတတ်ခဲ့တဲ့ ကျမ နှုတ်ခမ်းပါးတွေကလည်း အနည်းငယ် ပိုတွန့်ကွေးပြီး သရော်သယောင် ပြုံးတတ်ခဲ့ပြီ .. ။

“အချစ်”က ပြောသမျှ အရာရာကို ခေါင်းညိတ်လက်ခံတတ်ခဲ့တဲ့ ကျမဦးနှောက်မှာလဲ အမှန်၊ အမှားကို ကျိုးကြောင်းဆင်ခြင်တတ်တဲ့ အသိတရားတွေ ရလာခဲ့ပြီ .. ။

“အချစ်” နဲ့ အဆင်မပြေသမျှ ကြေကွဲနာကျင်ရုံအပြင်ဘာမှ မလုပ်တတ်ခဲ့တဲ့ ကျမဟာ ဆတ်ဆတ်ထိမခံတဲ့ မာနတွေနဲ့ ပြည့်နှက်နေခဲ့ပြီ .. ။

ပကတိရိုးသားဖြူစင်ခဲ့တဲ့ ကျမနှလုံးသားဟာလည်း အရာရာကို မယုံကြည်တတ်ခြင်းတွေနဲ့ ကိုယ်တိုင် လှောင်ပိတ်မိနေခဲ့ပြီ .. ။

တစ်ခါခါမှာ ကျမကိုယ်တိုင်တောင် လူတစ်ယောက်ကို အမှန်တကယ် ချစ်နေတာရော ဟုတ်ရဲ့လားလို့ ကိုယ့်ကိုကိုယ် သံသယရှိလာတယ် .. ။

 ဟုတ်တယ် ... ချစ်ခြင်းတရားမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ကင်းမဲ့လာခြင်းဟာ ကျမ ချစ်သူ တစ်ယောက်အတွက်တော့ မတရားရာများ ကျနေမလားပဲ .. ။


ချစ်နေပေမယ့်လည်း တစ်ခါခါကျ မချစ်ချင်ပြန်ဘူး ..
လက်လွှတ်မခံချင်ပေမယ့် တစ်ခါခါကျတော့လဲ မပိုင်ဆိုင်ချင်ပြန်ဘူး ..
အနီးဆုံးမှာ မနေချင်ပေမယ့်လည်း အဝေးဆုံးကိုလည်း ကျမ ရောက်အောင် မသွားနိုင်ပြန်ဘူး ..


ကျမ လွတ်မြောက်ရာအရပ်က ဘယ်မှာလဲ ..
အမှန်တကယ် ကျမ လိုအပ်သောအရာက ဘာလဲ ..
အမှတ်တကယ် ကျမအတွက် အသင့်တော်ဆုံးက ဘာလဲ ..
နူးညံ့သော ချစ်ခြင်းတရားကို ကျမ ယောင်မှားစွာ ရှာဖွေနေရင်း ကိုယ့်မေးခွန်းတွေနဲ့ ကိုယ် ချောင်ပိတ်မိနေခဲ့သူပါ .. 


အချစ်ရဲ့ အဆုံးသတ်ကရော ဘာကြောင့်များ “လက်ထပ်ခြင်း .. ပေါင်းစည်းခြင်း” ဖြစ်နေရတာလဲကွယ် ..


အသက်အရွယ်နဲ့ အချိန်ကာလ အပိုင်းအခြားတစ်ခုကသာ ကျမရဲ့ ခံစားမှုတွေကို ပြောင်းလဲစေခဲ့တာပါ ..
စိတ်ကူးယဉ်ဆန်တဲ့ ခံစားချက်တွေထဲမှာ မွေ့ပျော်ခဲ့ဖူးလေသမျှ၊ ယခုတော့လဲ လက်တွေ့ဆန်တဲ့ တွေးခေါ်မှုတွေထဲမှာ “အချစ်” ဆိုတာ တစ်ခါ တစ်ခါ အရောင်မှိန်မှိန်သွားတယ် .. ။


ဟိုး ယခင် က အတိုင်း .. ကျမ ရိုးသားစွာ ချစ်နေချင်ပါတယ် .. ။

ကျူရိုး
 
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကျမ၏ ကောင်းကင် ...

ကျမ၏ ကောင်းကင် ...


မလိုပါ ... ဘာဆို ဘာမှကို မလိုပါ ...
မိုးရာသီဖြစ်နေဖို့မလို
ရွာရန်ရာနှုန်း ရှစ်ဆယ်ပြည့်ဖို့မလို
ကွက်ကြားမိုးဖြစ်ပေးဖို့မလို
တိမ်တွေညိုပြစရာမလို
မိုးစစ်စစ်များ ရွာချပေးဖို့သာလိုပါသည် .. ။

ကောင်းကင်ထံမှ
       ကျမကို စိုစွတ်သွားစေရုံ .. မိုးစစ်စစ်များသာ လိုပါသည် .. ။။။

ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မပြည့်တဲ့လိုအင် ...

မပြည့်တဲ့လိုအင် ...


ကျမ စိတ်တွေ တဒင်္ဂ အေးချမ်းသွားတယ် ..
ညဥ့်လေ အေးအေး တဖြူးဖြူး တိုက်ခတ်နေတဲ့ ကျမရဲ့ အပေါ်ဆုံးထပ် တိုက်ခန်းလေးမှာ ဒီလိုအချိန်မျိုး ကျမ တခါမှ ထွက်မရပ်ဖူးပါ .. ။

ကြည့်စမ်းပါဦး ...
ဒီညမှာ ကြယ်တွေ စုံလင်လှပါလား .. ။ ကြယ်စုံတဲ့ ညတညရဲ့အလှကို ကျမအခုမှ ခံစားဖူးတာ အမှန်ပါ .. ။

ဟုတ်တယ် .. အခု ညဥ့်နှစ်နာရီကျော်သွားပြီ .. ။ အိပ်မရတဲ့ ညပေါင်းများစွာ ရှိခဲ့ဖူးပေမယ့် ဒီလို ဝရံတာမှာ ထွက်ရပ်ဖို့ စိတ်ကူးမျိုး တခါမှ မရှိခဲ့ဖူးဘူးလေ။ အခုတော့ ဒီစိတ်ကူးလေးကို ကျမကျေးဇူးတင်သင့်တယ် .. ။
နေ့ခင်းတုန်းက ဥဒဟို ဖြတ်သန်းသွားလာနေကြတဲ့ အိမ်ရှေ့လမ်းမကြီးပေါ်မှာတောင် ကားကြီး၊ ကားငယ်၊ တစ်စီးစ၊ နှစ်စီးစ လောက်ပဲ ဖြတ်သန်းသွားနေကြတယ် .. ။ လှပတဲ့ နေရောင်ခြည်အောက်မှာ လူကြီး၊ လူငယ် အစုံဖြတ်သန်းသွားလာကြတဲ့ ဒီလမ်းမကြီးဟာ အခုတော့လည်း တိတ်ဆိတ်၊ ခြောက်ကပ်လို့ပါလား။ ဒါဟာ သဘာဝတရားရဲ့ လှည့်စားမှုလေလား၊ သူလည်း နေ့နဲ့ည တလှည့်ဆီ ပြောင်းလဲရမယ့် သူ့တာဝန် သူထမ်းဆောင်နေတာပါပဲ .. ။

ဟူး ..
ကျမရဲ့ သက်ပြင်းချသံနဲ့အတူတူ ကျမရဲ့အချစ်တွေ၊ ကျမရဲ့ အမုန်းတွေ၊ ကျမရဲ့ အာဃာတတွေ၊ အလိုလောဘကြီးသူအဖြစ် အပြစ်မြင်ကြမှာစိုးလို့ သိုဝှက်ထားတဲ့ ကျမရဲ့ ဖြစ်ချင်လိုမှုတွေကို ညဥ့်လေအေးအေးက သယ်ဆောင်ပျောက်ဆုံးသွားရင် သိပ်ကောင်းမှာပဲလို့ ကျမ တွေးမိတယ် .. ။

ဒီအချိန်မှာ ကျမ မှီတည်နိုင်စရာ ပခုံးစွန်းလေးတစ်ခုရှိရင် ကောင်းမယ်နော် .. ။ ဟိုအရင်က အဆိုး၊ အကောင်းတွေ ကြုံတွေ့တိုင်း လက်တွဲရင်ဆိုင်ခဲ့တဲ့ ချစ်သူရဲ့ လက်တစ်ဖက်လည်း ဘယ်ဆီ ကမ်းလင့်နေပြီ လည်း မသိ .. ။ 

တစ်ခါ တစ်ခါ ကိုယ့်ကိုယ်ကို ဘယ်ဖြစ်ချင်နေမှန်းမသိအောင် ခံစားရတဲ့အခါမျိုးမှာ၊ ကိုယ့်စိတ်ကို ကိုယ့်ထက်ပိုပြီး နားလည်နိုင်မယ့်သူမျိုး ကျမ အလိုရှိတယ် .. ။ ဒါပေမယ့် .. ဒါဟာလည်း ဘုရားသခင် မဖြည့်ဆည်းပေးနိုင်တဲ့ ကျမရဲ့ လိုအင်ဆန္ဒသက်သက်ပါပဲ .. ။

ဘာကြောင့်များ ကျမဟာ ဆုတောင်းမကောင်းသူ ဖြစ်ရတာပါလိမ့် .. 
အခုဆို ကျမ အသက် နှစ်ဆယ့်ငါးကျော်လာခဲ့ပြီ။ ဟိုးငယ်ငယ်တည်းက အခုချိန်ထိ တောင့်တမိနေတဲ့ အဖေရယ်၊ အမေရယ်၊ မောင်နှမတွေရယ် စုံညီတဲ့ မိသားစု ဘဝလေးတစ်ခုလည်း ကျမမရခဲ့ဘူး .. ။ ကျမ အချစ်ရဆုံး မေမေလည်း မရှိတော့ ကျမရဲ့ကိုယ်ပိုင် ဘဝလေးတခုလည်း ပြိုပျက်သွားခဲ့ပြီ .. ။ ဒါပေမယ့် ကျမတတ်ထားတဲ့ ပညာရပ်နဲ့ တင့်တယ်တဲ့ အလုပ်အကိုင်လေးတစ်ခုတော့ ကျမ ရခဲ့ပြီ။ ကျမ လူတွေကြားမှာ မျက်နှာမငယ်အောင် နေနိုင်ခဲ့တဲ့အတွက် ကျမ ကျေနပ်ပါတယ် .. ။

ဟော ...
ကြယ်လေးတလုံး ကြွေကျသွားတာ ကျမ မြင်လိုက်ရတယ် .. 
ကြယ်ကြွေချိန် ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ ကျမ ကြားဖူးတယ် .. ။

စဉ်းစားစမ်း ... စဉ်းစားစမ်း ..
ကျမ ဘာကို ဆုတောင်းရင် ကောင်းမလဲနော် .. 
သိန်း ၁ဝဝဝ ထီဆုကြီး ပေါက်ပါစေလို့ ဆုတောင်းရမလား .. ဒါမှမဟုတ် ဒီထက်ပိုလစာကောင်းတဲ့ အလုပ်တစ်ခုရပါစေလို့ ဆုတောင်းရမလား .. ဒါမှမဟုတ် ချစ်ဦးသူနဲ့ ပြန်ဆုံတွေ့ရပါစေလို့ ဆုတောင်းရမလား .. ဒါမှမဟုတ် လောကကြီးရဲ့ အချိန်၊ နာရီတွေ နောက်ပြန်လှည့်သွားစေနိုင်တဲ့ ပါဝါမျိုး ရရှိပါစေလို့ ဆုတောင်းရမလား .. 
ဒါမှမဟုတ် ..
အို .. ကျမ လိုအင်တွေ ဒီလောက်များသလားကွယ် .. ။

ပတ်ဝန်းကျင်တခုလုံးကတော့ တိတ်ဆိတ်နေပါတယ် .. 
ကျမမှာသာ နောက်ဆုံး လက်ကျန်ဆုတောင်းလေး တစ်ခုတောင်းရဖို့ ရင်ခွင်တစ်ခုလုံး ဆူညံနေတယ် .. ။

ဒါနဲ့ပဲ အရင်က ကျမရေးဖူးတဲ့ ကဗျာတပုဒ်ကို အမှတ်မထင် သတိရမိတယ် .. ။

“ငါ့သံယောဇဉ် အမျှင်ဖြတ်မှ
နင်နဲ့ငါ ဆုံတွေ့ခွင့်ရမှာလား ?


ငါ့ရင်ထဲက အချစ်ကိုသတ်မှ
နင်နဲ့ ငါ့ခင်မင်မှု ရှေ့ဆက်တိုးလို့ရမှာလား ?


ဒါဆိုရင်တော့
ငါဟာ ..
ကြယ်ကြွေချိန် ဆုတောင်းပြည့်ဖို့
ကြယ်ကြွေဖို့ ဆုတောင်းရသူလို ဖြစ်နေလိမ့်မယ် .. ။”


ကျမ ရင်ထဲမှာ ဟာသွားတယ် .. ။


သေချာတာတစ်ခုကတော့ ကျမရဲ့ တောင်းဆုအတွက် ကြယ်ပွင့်လေးတွေ ဘယ်လောက်ပဲ စတေးပေမယ့်၊ သူဟာ ကျမဆီ ဘယ်တော့မှ ပြန်လာမယ့်သူတစ်ယောက် မဟုတ်တော့ပါဘူးကွယ် .. ။


ဒီလိုပါပဲ ..
ကျမဟာ ဘယ်တော့မှ မပြည့်နိုင်တော့မှန်းသိတဲ့ တောင့်တမှုတွေနဲ့ အိမ်ရှေ့ဝရံတာလေးမှာ အချိန်တော်တော်ကြာ ရပ်နေမိတယ် .. ။။။


ဟိုးအရင်အတိတ်ဆီ ပြန်ပြောင်း သတိရရင်း .. တစ်ချိန်က ဒိုင်ယာရီထဲမှ 
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“ငါ သိပ်ချစ်ပါတယ် .. ”

“ငါ သိပ်ချစ်ပါတယ် .. ”


ငါ သိပ်ချစ်ပါတယ် .. ။
ချစ်နေဆဲဖြစ်တဲ့ နင့်နှလုံးသားရယ်
ချိုသာနေဆဲဖြစ်တဲ့ နင့်စကားသံတွေရယ်
နွေးထွေးနေဆဲဖြစ်တဲ့ နင့်အကြင်နာတွေရယ် .. ။

ငါ သိပ်ချစ်ပါတယ် .. ။
ရှည်ကြာနေဆဲဖြစ်တဲ့ နင့်သံယောဇဉ်တွေရယ်
ခိုင်မာနေဆဲဖြစ်တဲ့ နင့်အလေးထားခြင်းတွေရယ် .. ။

ငါ သိပ်ချစ်ပါတယ် .. ။
တည်ငြိမ်နေဆဲဖြစ်တဲ့ နင့်ကတိတွေရယ်
အသက်ဝင်နေဆဲဖြစ်တဲ့ ဂရုစိုက်မှုတွေရယ်
ငါစွဲလန်းနေတတ်တဲ့ နင့်အပြုံးတွေရယ် .. ။

ငါ သိပ်ချစ်ပါတယ် .. ။
ရှင်သန်နေဆဲဖြစ်တဲ့ မျှော်လင့်ခြင်းတွေရယ်
တည်ဆောက်နေဆဲဖြစ်တဲ့ အိပ်မက်တွေရယ်
နောက်ထပ် အလိုမရှိတော့လောက်အောင်
ပြည့်စုံစေတတ်တဲ့ ချစ်ခြင်းတွေရယ် .. ။

ငါ သိပ်ချစ်ပါတယ် .. ။
နင်ဖန်တီးပေးခဲ့သော အမှတ်တရတွေရယ်
နင့်ကို သတ်မှတ်ရည်ရွယ်ထားသော ငါ့စိတ်ကူးတွေရယ် .. ။

အရာရာတိုင်းကို ... ငါ သိပ်ချစ်ပါတယ် .. ။
မင်းမျှော်လင့်ထားခဲ့တာထက် ငါပိုချစ်ခဲ့ရတာပါ .. ။

ကျူရိုး 
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

"အသိ"

“ အသိ ”



ရှင်သန်နေထိုင်ကြီးပြင်းလာရတဲ့
ဘဝတလျှောက်မှာ

ချစ်ခင်သူတွေဆီက
သိမ်မွေ့နူးညံ့ဖို့ အသိတွေရတယ် .. ။

မချစ် မနှစ်သက်သူ မုန်းသူတွေဆီက
သတိထားနေဖို့ အသိတွေရတယ် .. ။

ပစ်ပယ် စွန့်ခွာသွားသူတွေဆီက
ကိုယ့်ကိုကိုယ် ပိုယုံကြည်ပြီး
ကိုယ့်အားကိုယ်ကိုးဖို့ အသိတွေရတယ် .. ။

အဲဒီ အသိတွေ ရင်ထဲ သံမှိုစွဲသလို အမြဲရှိနေစေဖို့အတွက် အတွေ့အကြုံတွေ ပေးခဲ့၊ ပေးနေဆဲ သူတွေ အားလုံးကို ကျေးဇူးတင်မိတယ် .. ။

ကျူရိုး (Facebook သူငယ်ချင်းမှ တဆင့်)

ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လှပသော အနာဂတ်လမ်း ...

လှပသော အနာဂတ်လမ်း ...




အခက်အခဲတွေလည်း
ဖြတ်သင့်သလောက်
တော်တော်များများ အတူဖြတ်ကျော်ခဲ့ပြီးပြီ .. ။

ပြင်းထန်သော စိတ်ခံစားမှုတွေလည်း
အတ္တတွေကြိုးစားမြှုပ်နှံလို့
အေးချမ်းမြတ်နိုး ချစ်ခင်ခြင်းတွေအဖြစ်
ကြိုးစားပြောင်းလဲခဲ့ပြီးပြီ .. ။

လိုချင်တာနဲ့ ပေးနိုင်တာကြား
လိုချင်မှုတွေ ထိန်းသိမ်းလို့
ပေးနိုင်တာတွေ အားလုံးပဲ
အကောင်းဆုံး ကြိုးစားနေခဲ့ကြပြီ .. ။

ကံတရားရေ ..
ချိုမြိန်လှပသော အနာဂတ်လေးအတွက်
သင်းပျံ့လှပသော ပန်းပွင့်လေးများ သီကုံးလို့
အေးချမ်းရင်ခုန် ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့
ကံကောင်းခြင်း လက်ဆောင်တွေကိုပဲ
အမြတ်တနိုး သယ်ဆောင်လာပေးလှည့်ပါတော့ကွယ် .. ။
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကဗျာ

ချစ်သူနဲ့ အတူ
ယှဉ်တွဲကာ သွားရရင်ဖြင့်
အတိုင်းမသိ ပျော်ရွှင်မိ
ဒီအပျော်တွေ ပျယ်လွှင့်မှာဖြင့်
ရင်ထိတ်ကာ စိုးရိမ်ပါ၏။

ချစ်သူနဲ့ အတူ
တူထိုင်ကာ စားရရင်ဖြင့်
အဆုံးမရှိ ၀မ်းသာမိ
ဒီဝမ်းသာမှု ပျောက်ပျက်မှာဖြင့်
သောကပွေ ရင်လေးပါ၏။

ချစ်သူအနား
အမြဲသာ နေရရင်းဖြင့်
ပီတိအစုံ ကန့်သတ်မရှိ
ယုယပိုက်ထွေး ချစ်နေပါ၏။
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လေးနက်မှု

တစိမ့်စိမ့်တွေးလို့
ချစ်စိတ်တွေပေါ်
ရင်ခုန်သံ စည်းချက်များ
ရင်ခွင်မှာ လှိုင်းခတ်လောက်အောင်
မြတ်နိုးတွယ်တာ ချစ်ရသူပါ။

ငါ့ဘ၀အတွက်
တစ်ခုထဲသော အရေးပါမှု
မင်းဖြစ်နေလို့
အရာအားလုံး
အရှုံးပေးပြီး ချစ်ရသူပါ။
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS